၂၀၀၃ ခုနှစ်လောက်က ဖြစ်လေ၏။ ကျွန်တော့် ယောက္ခမကြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံတက်စဉ်က ကျွန်တော် လူနာသွားစောင့်ခဲ့၏။
တစ်ညမှာတော့ ကင်ဆာရောဂါ ခံစားနေရသော လူငယ် တစ်ယောက်ရောက်လာလေ၏။ သူရောက်လာမှ အဆောင်တစ်ခုလုံး စည်ကားသွားလေတော့၏။ တစ်ညလုံး အော်ဟစ်ငြီးငြူနေ၍ အဆောင်တစ်ခုလုံး ကောင်းကောင်းမအိပ်ရ။ သူနှင့်ပါလာသော သူ့အမေကို မေးကြည့်တော့ အလုပ်ကြမ်း တွေလုပ်၊ ချက် အရက်တွေသောက်ရင်း အဆုတ်ကင်ဆာ ဖြစ်သည်ဟု ပြောလေ၏။ သူ့သားက ဆိုးသည်ဟုလည်းပြောလေ၏။
နောက်နေ့တွင်လည်း ဆက်လက်အော်ဟစ်နေပြန်၏။ တစ်ခါတစ်ခါ ကုတင်ပေါ်တွင် ကုန်းကုန်းထ၍ အော်ဟစ်နေလေ၏။ အမေကြီးကလည်း ကုတင်ဘေးတွင် ပုတီးစိပ်၍ မေတ္တာပို့ပေးနေလေ၏။ လူငယ် လေးကား သက္ကာယဒိဋ္ဌိကို ရင်ဝယ်ပိုက်၍ “ ငါ ခံစားနေရတယ်ဆိုပြီး” Feeling တွေ တက်၍နေလေ၏။ ပွဲကကြည့်၍ မကောင်းတော့။ ကျွန်တော်လည်း သူ့ကုတင်နားရောက်သွားပြီး သူ့လက်ကလေးကို အသာကိုင်လိုက်တော့ မျက်လုံးဖွင့်ကြည့်၏။
“တော်တော်ခံစားနေရလား”
ကျွန်တော်ကမေးလိုက်တော့ သူမျက်လုံးဖွင့်ကြည့်ပြီး…
“ဟာ…ဟုတ်ကဲ့။ အရမ်းခံစားနေရတယ်”
“ဘယ်သူခံစားနေရတာတုန်း”
“ဗျာ”
သူကြောင်သွား၏။ ကျွန်တော်ကလည်း ကျွန်တော်ခံစားရတဲ့အတိုင်း မေးလိုက်ခြင်းဖြစ်၏။
“ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ ငါ… ခံစားနေရတာမဟုတ်ဘူး။ ဝေဒနာတွေက သူ့အလုပ်သူလုပ်နေတယ်။ သညာကမှတ်နေ တယ်။ ဝိညာဏက္ခန္ဓာက သိနေတယ်။ ဒီဝေဒနာတွေကို ဒီလိုဖြစ်ပါစေလို့လည်း ဖန်တီးလို့လည်းမရဘူး။ ဒီဝေဒနာတွေကို ဒီလို မဖြစ်ပါစေနဲ့လို့လည်း တားလို့မရဘူး။ ကိုယ့်အလိုကို မလိုက်တဲ့အတွက် အစိုးမရတဲ့သဘော၊ အနတ္တသဘောပဲရှိတယ်။ ဝေဒနာကို ဝေဒနာလို့ပဲ ရှုလိုက်ပါ။ ငါကိုခွာပြီးရှုပါ…”
လူငယ်လေးကား အမြင်ပြောင်းသွားပြီဖြစ်၏။ ရှိစုမဲ့စုအားနှင့် ကုန်းရုန်းထပြီး ကုတင်ပေါ်တွင် တရားထထိုင်လေတော့၏။ ကျွန်တော်ကလည်း ကုတင်ဘေးမှနေ၍ လိုအပ်သည်များကို ရံခါရံခါ ပြောပေးနေလေ၏။ သူတရားမှတ်တာ နာရီဝက်ခန့်ရှိပြီဖြစ်၏။ မျက်နှာကလည်း ဝင်းတက်လာ၏။
ကျွန်တော်က…
“ရပါပြီ၊ အိပ်ရင်းဆက်ရှုလိုက်ပါ၊ ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်…ဟိုးမှာ ရွှေတိဂုံ စေတီတော်မြတ်ကြီးတွေ့လား…”
သူ မျက်လုံးဖွင့်ကြည့်ရင်း ခေါင်းညိတ်ပြ၏။ မျက်နှာကလည်း ဝင်းလက်နေ၏။ သူ.. သက္ကာယဒိဋ္ဌိ၏ နှိပ်စက်ခြင်းကို ဥာဏ်နှင့်ခွာလိုက်နိုင်ပြီဖြစ်၏။ ကျွန်တော်က အသိနှင့်ခွာပေး၏။ သူက ဥာဏ်နှင့်ခွာလိုက်နိုင်ပြီ ဖြစ်၏။
“ ကဲ…ကဲ…ဦးချလိုက်..”
သူ ရိုသေစွာရှိခိုးပြီး အိပ်လျက် အနေအထားဖြင့် ဆက်လက်ရှုမှတ်နေလေရာ ကျွန်တော်လည်း အလိုက်သိစွာဖြင့် ထွက်လာလေတော့၏။ အဲဒီတစ်ညလုံးလည်း သူမအော်တော့၊ နောက်နေ့ ကျွန်တော်တို့ ဆေးရုံက ဆင်းလာသည်အထိလည်း သူမအော်တော့။ ကျွန်တော်လည်း နှုတ်ဆက်မလို့သွားတော့ တရားမှတ်နေဟန် တူ၍ နှုတ်မဆက်ပဲ ထွက်လာလေတော့၏။
ဆေးရုံကဆင်း၍ ကာလ အတန်ကြာသောအခါ လူငယ်လေးကို သတိရ၍ အခါကိုဆင်ခြင်လိုက်တော့ အင်္ဂါနေ့၊ အင်္ဂါအခါ။ အင်္ဂါနေ့၊ သည်ကား “အင်္ဂဝိဇ္ဇာပညာလာ၊ နံတော်စဉ် ပညာခန်း”နှင့်ကြည့်လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသော နေ့၊အခါတည်း။ ညီငယ်လေးကား လောကကြီးတွင်ရှိတော့မှာ မဟုတ်ပါ။ သို့သော် ကျွန်တော် ကတော့ ညီငယ်လေးဘဝကူး ကောင်းမည်ဟု ယုံကြည်ရင်း ၊ ကျွန်တော့်ရဲ့ လက်ကျန်ဘဝအနည်းငယ်ကို ဖြတ်သန်းရပေဦးတော့မည်။
“ဝေဒနာတို့၏သဘော”
“သုခဝေဒနာတို့သည် လောဘဖြင့် နှောင်ဖွဲ့ခြင်းကြောင့် ဆင်းရဲ၏။”
“ဒုက္ခဝေဒနာတို့သည် ဒေါသဖြင့်နှောင်ဖွဲ့ခြင်းကြောင့် ဆင်းရဲ၏။”
“ဥပေက္ခာ ဝေဒနာတို့သည် မောဟဖြင့် နှောင်ဖွဲ့ခြင်းကြောင့် ဆင်းရဲ၏။”
ထို သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဟူသော ဝေဒနာအပေါင်းတို့သည် ဤသို့အားဖြင့် ဆင်းရဲကြလေကုန်၏။ ထို ဝေဒနာအပေါင်းတို့၏ ကင်းရာ၊ ကုန်ရာ၊ ချုပ်ငြိမ်းရာ ဖြစ်သော သန္တိသုခနိဗ္ဗာန်မြတ်သည် အတိချမ်းသာ၏။
သံသရာခရီးသည်တစ်ဦး