စရ၊ ထိရ၊ ဒွေးဒဟနှင့် ကျွန်တော်(၂)

“ အရှင်ဘုရား။ ဒီ… ငှက်ပျောဖီးကြီး ဘယ်သူလှုလိုက်တာလဲဘုရား…”

              “ မနေ့ကကောင်မလေး…”

“ တပည့်တော်ကို စွန့်ပါဘုရား…”

              “ စွန့်သွားတော့ နေခြည်…”

“အရှင်ဘုရား…ဘယ်လမ်းကကြွမှာလဲဘုရား…”

              “ မဆုံသောလမ်း…”

          ဒါကတော့ ကျွန်တော် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ကုမ္ပဏီတစ်ခုရဲ့ ဆီအုန်းစက်ရ၊ုံ Civil Foundation တွေသွားဆောက်ပေးတုန်းက လုပ်အားပေးလာကြတဲ့ စစ်သားလေးတွေ တစ်ယောက်နှင့် တစ်ယောက် နောက်ပြောင်နေကြခြင်းဖြစ်၏။ အဲဒီတုန်းက ကိုဇော်ပိုင်ရဲ့ သီချင်းတွေကလည်း နာမည်ကြီးတဲ့ အချိန်ဖြစ်၏။ စစ်သားလေးများသည် အလွန်ချစ်ဖို့ကောင်း၏။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကြ၏။ ပန်းရံ၊   သံချည်သံကွေး၊ လက်သမားပညာများကို ကြိုးစား၍ သင်ယူကြ၏။ တူးစရာပေါက်ပြားမရှိလျင် ၄င်းတို့စားသည့် ပန်းကန်ပြားများနှင့် မြေကြီးတူးကြ၏။ တစ်နေ့…

          “ ဆရာ…ကျွန်တော်တို့ကို ဗေဒင်သင်ပေးပါ”

             စစ်သည် ဇော်မင်းလေး မှဦးဆောင်၍ ၄င်းတို့စစ်သည်(၅)ဦးအား ဗေဒင်သင်ပေးရန် တောင်းဆိုလာ၏။ ၄င်းပြောကြားလာသည့်အချိန်တွင် အခါလဂ်ကိုစဉ်းစား ကြည့်လိုက်တော့ စရလဂ် ပေါ်နေချိန်ဖြစ်၏။ စရလဂ်ဆိုတာကတော့ လှုပ်ရှားပြောင်းလဲတတ်သည့်သဘော၊ မမြဲတဲ့သဘောကိုဆောင်၏။ စိတ်ထဲမှာတော့ မကောင်း။ စရလဂ် ပေါ်နေချိန်တွင်လာပြော၍ အဘယ်မှာလျှင် သင်တန်းပြီးဆုံးပါမည်နည်း။ အစွမ်းကုန် သင်ပေးမည်ဟု စိတ်ပိုင်းဖြတ်၍ မနက်ဖြန်စသင်ပေးမည် ဟု ပြောလိုက်လေ၏။

           နောက်နေ့ ထမင်းစားချိန်ရောက်တော့ ထမင်းစားပြီး သူတို့လည်းမနား၊ ကျွန်တော်လည်းမနား၊ ဗေဒင်စတင်သင်ကြားကြတော့၏။ သူတို့ကလည်း အသင့် ပါလာသော ဗလာစာအုပ်ဖြင့် လိုက်လံရေးမှတ်ကြ၏။ (၅)ရက်မြောက်တော့ သူတို့တွေ စစ်ဆင်ရေးပါသွား၍ ဗေဒင်သင်တန်းလည်းပျက်သွားလေတော့၏။

              ခမောက်ကြီးမြို့သည် လွန်စွာအေးချမ်း၏။ ကော့သောင်းမြို့နှင့် (၃၅)မိုင်ဝေး၏။ စီမံကိန်းဝင်း အပြင်ဖက်မှ လမ်းလျောက်လာလျှင် ရှေ့တွင် ကန့်လန့် ဖြတ် မြင်နေရသော တောင်တန်းကြီးက မြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးအလား ဆွဲဆောင်မှုအပြည့်ရှိ၏။ ကျွန်တော်သည် ၄င်းမြင်ကွင်းအား အလွန် သဘောကြ၏။ ညနေတိုင်း အညောင်းပြေလမ်းလျှောက်ရင်းကြည့်၏။ တစ်နေ့သောညနေတွင် လမ်းလျှောက်နေရင်း စီမံကိန်းမန်နေဂျာ ဦးအောင်ဂျမ်းမှ ၄င်း၏ ဆိုင်ကယ်နှင့်အတူပါလာသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးလေ၏။

           “ ဆရာ။ ဒါ…ကျွန်တော့်သူငယ်ချင်းရဲ့မိန်းမ။ မရှမ်းမ တဲ့…။သူက ဒီခမောက်ကြီးမြို့ပေါ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ အခု ဒီစီမံကိန်းဝင်းမှာ စည်အောင်လို့ သူ့ကိုဆိုင်ဖွင့်ခိုင်းမလို့ ခေါ်လာပြတာ…”

               ဦးအောင်ဂျမ်းပြောတဲ့အချိန် အခါလဂ်ကို စဉ်းစားကြည့်လိုက်တော့ စရလဂ် ပေါ်နေချိန်ဖြစ်၏။ စရလဂ်ဆိုတာကတော့ လှုပ်ရှားပြောင်းလဲတတ်သည့်သဘော၊ မမြဲတဲ့သဘောကိုဆောင်၏။

           “ဆရာကြီး… မရှမ်းမ ဖွင့်ဖြစ်မှာ မဟုတ်ဘူး…”

         ဦးအောင်ဂျမ်းပြုံးလိုက်ပြီး မရှမ်းမကို ခေါ်၍ပြန်လိုက်ပို့လေ၏။ ဦးအောင်ဂျမ်းသည် စစ်တပ်မှ CQ (ခေါ်) တပ်ခွဲတပ်ကြပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူထားသူဖြစ်၏။ စီမံကိန်းတစ်ခုလုံးက သူ့ကို “ဆရာကြီး” လို့ဘဲ လေးလေးစားစား ခေါ်ကြ၏။ မရှမ်းမ ဆိုင်ဖွင့်ရန်အတွက် နောက်နေ့မှစ၍ ဆရာကြီးဦးအောင်ဂျမ်း ခြံဖောက်ဆိုင်များ အသည်းအသန် စတင်ဆောက်လုပ်တော့၏။ ဆိုင်ခန်းများဆောက်၍မှ မပြီးသေး…

            “ဆရာ…မရှမ်းမ သူ့ယောက်ျားနဲ့ကွဲလို့ ရှမ်းပြည်ပြန်သွားပြီ၊ ဆိုင်မဖွင့်ဖြစ်တော့ဘူး…”

ဆရာကြီးဦးအောင်ဂျမ်းမှ လာပြောလေ၏။ ကျွန်တော် ဆရာကြီးကို  ပြုံးပြလိုက်၏။

          စီမံကိန်းဝင်းတွင် လူစုံလေ၏။ ရန်ကုန်ကလူများလည်းရှိ၏။ ထိုအထဲတွင် သစ်ဝိုင်းဆရာ ကိုဝင်းနိုင်လည်းပါ၏။ ကိုဝင်းနိုင်က ရန်ကုန် သမိုင်းသား။ အသည်းကွဲနေ သူဖြစ်၏။ ရန်ကုန်က မိန်းမနှင့် ကလေးများကို လွမ်းနာကျနေ၍ ညနေတိုင်း လွှဝိုင်းတွင်အရက်သောက်၏။ တစ်နေ့ညနေတော့ ကျွန်တော် လမ်းလျှောက်ပြန်လာရင်း သူ၏လွှဝိုင်းထဲသို့ဝင်ထိုင်ကာ သူအရက်သောက်နေသည်ကို ကြည့်ကောင်းကောင်း နှင့် ထိုင်ကြည့်နေလေ၏။

                 “ဆရာ…သောက်ပါဦးလား…”

မူးနေပေမယ့် ဧည့်ဝတ်တော့ကြေ၏။ ကျွန်တော် လက်ကာပြလိုက်ပြီး…

“ နေ..နေ…ကိုဝင်းနိုင်။ ကိုဝင်းနိုင် အရက်သောက်တာ ကြည့်လို့ကောင်းလို့ ထိုင်ကြည့်နေတာ…”

သူ…အားတက်သွား၏။

“ တကယ်လား ဆရာ… တကယ်ကြည့်လို့ ကောင်းတာလား…”

“ တကယ်ကောင်းတာပေါ့…။အရိုးခေါင်းကြီးထဲ အရက်တွေ လောင်းလောင်းထည့်နေတာ တကယ်ကြည့်လို့ ကောင်းတယ်…”

“ ဗျာ…”

သူ… အမူးပြေသွား၏။

“ ဘယ်လို ဆရာ…”

“ သြော်… အရိုးခေါင်းကြီးထဲ အရက်တွေ လောင်းလောင်းထည့်နေတာ ကြည့်လို့ကောင်းတယ်…လို့…”

အသည်းကွဲသမားကြီး သံဝေဂတွေ ရသွား၏။ ကျွန်တော်ကလည်း တတ်သလောက်မှတ်သလောက် နားချ၏။

“ကျွန်တော် အရက်ဖြတ်ပြီး မနက်ဖြန်ကနေစပြီး အဓိဌာန် (၉)ရက် ဝင်မယ်ဆရာ…”

               သူပြောတဲ့အချိန် အခါလဂ်ကို စဉ်းစားလိုက်တော့ စရလဂ်။ စရလဂ်ဆိုတာကတော့ လှုပ်ရှားပြောင်းလဲ တတ်သည့် သဘော၊ မမြဲတဲ့သဘောကို ဆောင်၏။

            “ ခင်ဗျား…အဓိဌာန်ပျက်လိမ့်မယ်။ အဓိဌာန်အောင်မှာ မဟုတ်ဘူး…”

သူပြုံးလိုက်၏။ စီမံကိန်းဝင်းအတွင်း ကျွန်တော် ပါးစပ်ဆော့မှုများကို ကြားဖူးနေ၍လည်း ဖြစ်ပါလိမ့်မည်။

“ အောင်အောင်လုပ်မယ်…ဆရာ…”

                သူ…မေးကြောကြီးများထောင်၍ ပြတ်သားစွာပြောလိုက်၏။ အဓိဌာန် (၂) ရက်အောင်မြင်သွားတော့ သူရင်ကော့၍ပြော၏။ (၃)ရက်မြောက်နေ့တွင် အရက်ပြန်သောက်၏။ အဲဒီညက အဓိဌာန်မပျက်အောင် မူးမူးနှင့် ပုတီးစိပ်၏။ (၃) ရက်အောင်သွား၏။ (၄)ရက်မြောက်နေ့တွင် သူ့စိပ်ပုတီးကို သူများခိုးသွား၍ အဓိဌာန်ပျက်သွား၏။ သူလည်း အရက်ပြန်သောက်တော့၏။ ဘာပဲဖြစ်ဖြစ် သူ အရက်သောက်တိုင်း ကျွန်တော့် စကားလေးကို အမှတ်ရနေလျင် ကျွန်တော်ကြေနပ်ပါ၏။

            စရ၊ ထိရ၊ ဒွေးဒဟ အကြောင်းကတော့ ပြောလျင် အများကြီးဖြစ်သွားပါလိမ့်မည်။ “စရ၊ ထိရ၊ ဒွေးဒဟနှင့် ကျွန်တော်” ဟူသော Post နှင့် တွဲဖက် ၍ လေ့လာနိုင်ကြပါသည်။ လေ့လာပြီးပြီဆိုပါက အောက်ပါမေးခွန်းများကို တွေးခေါ်ကြည့်ပါ။

(၁)။ လူတစ်ယောက်က စရလဂ်ပေါ်သော အချိန်တွင် ချစ်ခွင့်ပန်လာပါက ထိုအချစ်သည် မြဲပါမည်လော၊ ရင်ထဲက ပါပါမည်လော ?

(၂)။ လူတစ်ယောက်အား စရလဂ်ပေါ်သော အချိန်တွင် အဖြေပေးလိုက်ပါက ထိုအချစ်သည် မြဲပါမည်လော?

(၃)။ လူတစ်ယောက်က စရလဂ်ပေါ်သော အချိန်တွင် စီးပွားရေး၊ လူမှုရေး ကတိများ ပေးလာပါက ထိုကတိသည် မြဲပါမည်လော၊ ထိုစကားသည် မှန်ပါမည်လော?

(၄)။ စရလဂ်ပေါ်သော အချိန်တွင် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ပါက ထိုလုပ်ငန်းသည် မြဲပါမည်လော?

(၅)။ စရလဂ်ပေါ်သော အချိန်တွင် လုပ်ငန်းသွားတောင်းလျင် ရပါမည်လော?

လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေသတည်း။

ဆရာဦးဇာနည် (K.P)

B.E.(CIVIL)

Email: sayauzarni@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s