Daily Archives: 26 Sep 2012

⏰Which time is good? (Practical Approach)-1

“အစိုးရအမှုထမ်း လုပ်ငန်းစ မင်္ဂလာဇာတာ”

ကျွန်တော်သည် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပြီးနောက် ၁၉၅၆ ခုနှစ်၊ မေလ(၂) ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာန၌ နည်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပါသည်။ မင်းမှုထမ်းလုပ်ငန်းစ မင်္ဂလာအခါဇာတာမှာ ဇယားတွင်ဖော်ပြထားသည့် အတိုင်း ဖြစ်ပါသည်။

ဆရာ

လုပ်ငန်းစ မင်္ဂလာအခါဇာတာကို ဆန်းစစ်ခြင်း
🟢(က) အခါလဂ်
အခါလဂ်သည် ကြာသပတေး၊ ဗုဒ္ဓဟူး၊ သောကြာ၊ စန်း သောမဂြိုဟ်များ၏ လွှမ်းမိုးခြင်းခံရပြီး သောမကတ္တရိယုဂ်ရ၍ ကောင်းပါသည်။သို့ရာတွင် ဗုဒ္ဓဟူး သည် ၁၂-တန့် ဗျာယဘာဝ၌ ရပ်တည်သည့်အပြင် နိစ်နဝင်းစီးနေ၍ အလွန်ဆိုးပါသည်။

🟢(ခ) အခါစန်း

အခါစန်းသည် ဥုစ်အင်္ဂါနှင့် ပူးယှဉ်၍ ဥုစ်ကြာသပတေး၏ အမြင်ခံရသည့်အပြင် မိတ်နဝင်းစီးပါသည်။

🟢(ဂ) တနင်္ဂနွေဂြိုဟ်
တနင်္ဂနွေဂြိုဟ်သည် မိဿရာသီ ဥုစ်အိမ်၌ရပ်တည်ပြီး မိဿရာသီသခင်ဂြိုဟ် ဥုစ်အင်္ဂါ၏ အမြင်ခံရပါသည်။ တနည်းအားဖြင့် ဥုစ်တနင်္ဂနွေသည် ဥုစ်အင်္ဂါနှင့် သမ္ဗန္ဓဖြစ်ကြပါသည်။ လဂ်သခင်ဂြိုဟ် ဗုဒ္ဓဟူးနဝင်းကိုစီးပါသည်။ ထို့ကြောင့် တနင်္ဂနွေဂြိုဟ်သည် အားကြီးလှပါသည်။

🟢(ဃ) ၁၀-တန့်ဘာဝ
၁၀-တန့်ဘာဝသည် ဥုစ်ကြာသပတေးဂြိုဟ်၏ အမြင်ခံရပါသည်။ ၁၀- တန့်ဘာဝသခင်ဂြိုဟ် ကြာသပတေးသည် ၂-တန့်ဘာဝ ဥုစ်အိမ်၌ရပ်တည်ပြီး ကသစ် နဝင်းစီးပါသည်။ ထို့ကြောင့် ၁၀-တန့်ဘာဝ အလွန်အားကြီးလှပါသည်။

🟢(င) ဝိသောတ္ထရီဒသာ
ကျွန်တော်သည် အမှုထမ်းဘဝကို တနင်္ဂနွေ ထူလဒသာဖြင့် စခဲ့ပါသည်။ တနင်္ဂနွေဂြိုဟ်သည် ၁၁-တန့်ဘာဝ ဥုစ်အိမ်၌ရပ်တည်သဖြင့် လုပ်ငန်းစစခြင်း ကံကောင်းခဲ့ပါသည်။ ၁၀-တန့်ဘာဝနှင့် ၁၀-တန့်ဘာဝသခင်ဂြိုဟ် ဥုစ်ကြာသပတေး အားကောင်းသဖြင့် ရာထူးအတက်မြန်ခဲ့ပါသည်။

(၁)။ ၁-၆-၁၉၅၆ တနင်္ဂနွေ ထူလ၊ သောကြာအန္တရ ဒသာစားစဉ် နည်းပြကထိက၊

(၂)။ ၁-၆-၁၉၅၈ တနင်္လာ ထူလ၊ အင်္ဂါအန္တရ ဒသာစားစဉ် လက်ထောက်ကထိက၊

(၃)။ ၂၄-၇-၁၉၆၄ တနင်္လာ ထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် ကထိက၊

(၄)။ ၅-၆-၁၉၇၀ အင်္ဂါထူလ၊ စနေအန္တရ ဒသာစားစဉ် သမဝါယမဝန်ကြီးဌာန အတွင်းဝန်၊

(၅)။ ၁-၈-၁၉၇၀ အင်္ဂါထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းရေးရာ အတွင်းရေးမှုး၊

(၆)။ ၁၄-၃-၁၉၇၅ ရာဟုထူလ၊ ရာဟုအန္တရ ဒသာစားစဉ် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ဒုတိယဝန်ကြီး၊

(၇)။ ၁-၇-၁၉၈၂ ရာဟုထူလ၊ ဗုဒ္ဓဟူးအန္တရ ဒသာစားစဉ် အငြိမ်းစား၊

လုပ်ငန်းစ မင်္ဂလာအခါဇာတာသည် ကျွန်တော်၏ အမှုထမ်းဘဝတစ်ခုလုံးကို လွှမ်းမိုးနေကြောင်းသိစေလို၍ ဤမျှရေးပြနေခြင်းဖြစ်ပါသည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ရာဟုထူလဒသာ တစ်လျှောက်လုံးကောင်းစားခဲ့သော ကျွန်တော်၏အမှုထမ်းဘဝသည် ရာဟုထူလ၊ နိစ်နဝင်းစီးသောဗုဒ္ဓဟူးအန္တရဒသာ စားစဉ် နိဂုံးချုပ် ခဲ့ရာ လုပ်ငန်းစ မင်္ဂလာအခါဇာတာ မည်မျှမှန်ကန်ကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။

ဒါကတော့ ဆရာကြီးဒေါက်တာဗိုလ်လေး ရေးသားပြုစုသော “မိတ်ဖက်နှင့် မင်္ဂလာအခါရွေးနည်း လက်တွေ့သုတေသနကျမ်း”၊ စာမျက်နှာ (၁၁၅) မှာပါတဲ့ ဆရာကြီးရဲ့ကိုယ်တွေ့ လုပ်ငန်းစ မင်္ဂလာအခါဇာတာပဲ ဖြစ်ပါတယ်။ ဒါကိုဖော်ပြရတာကတော့ လုပ်ငန်းစ မင်္ဂလာအခါဇာတာ မည်မျှမှန်ကန်ကြောင်းနှင့် မည်မျှ အရေးကြီးကြောင်း သိစေလို၍ဖြစ်ပါတယ်။ အကျယ်ဖတ်ခြင်ရင်တော့ အဲဒီမူရင်းကျမ်းမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီ Post မတိုင်ခင်က “Which time is good? (K.P Astrology)” ဆိုတဲ့ Post မှာ “To enter into service: (ဝန်ထမ်းအလုပ်တာဝန် စတင် ထမ်းဆောင်ရန်။)” ဆိုတဲ့ဥပဒေသကို ဖော်ပြခဲ့ပါတယ်။ အဲဒီ K.P အခါပေးစနစ် ဥပဒေသကိုသုံးပြီး ဆရာကြီးရဲ့ အထက်ပါကိုယ်တွေ့လုပ်ငန်းစ မင်္ဂလာအခါဇာတာ ကို လေ့လာကြည့်ကြပါစို့။

အထက်ပါ လုပ်ငန်းစ မင်္ဂလာအခါဇာတာကို K.P ဇာတာဖွဲ့လျင် အောက်ပါအတိုင်း ရရှိပါမယ်-

ဥပဒေသကို ပြန်ကြည့်မယ်ဆိုရင် – To enter into service: (ဝန်ထမ်းအလုပ်တာဝန် စတင်ထမ်းဆောင်ရန်။)

The sub-lord of the 6th house is to be deposited in the constellation of the planet signifying houses 10 & 11.

[ဝန်ထမ်းအလုပ်တာဝန် စတင်ထမ်းဆောင်မယ့်အချိန် အခါဇာတာရဲ့ ၆-တန့် ဘုတ္တိနက္ခတ် သခင်ဂြိုဟ်ဟာ ၁၀-တန့်၊ ၁၁-တန့် ဇာတ်ဆောင်ဂြိုဟ်ပိုင်နက္ခတ်ကို စီးထား မယ်ဆိုရင်- သင်ဟာ ဝန်ထမ်းအလုပ်မှာ အောင်မြင်ပြီး၊ ဆန္ဒပြည့်ဝမယ်လို့ ဖော်ပြထားတာပါ။]

ဒီဇာတာမှာ ၆-တန့် Sub-lord က တနင်္ဂနွေဂြိုဟ် ဖြစ်ပါတယ်။ အထက်ပါဇာတာမှာ တွေ့နိုင်ပါတယ်။ တနင်္ဂနွေဟာ မင်း၊ အစိုးရရဲ့ ကာရကဖြစ်ပြီး ၁၀-တန့် (အလုပ်အကိုင်ဘာဝ)မှာ ဥုစ်မူနေပါတယ်။ ၁၀-တန့်ဘာဝမှာရပ်နေလို့ အထက်ပါဥပဒေသနဲ့ ကိုက်ညီပါတယ်။ တာဝန် စတင်ထမ်းဆောင်တဲ့အချိန် ဒသာသခင်ဂြိုဟ်က လည်း ဥုစ်မူနေတဲ့တနင်္ဂနွေဂြိုဟ်ဖြစ်နေလို့ လုပ်ငန်းစစခြင်း ကံကောင်းခဲ့ပါတယ်။ [ဒါ့ကြောင့် “Which time is good? (K.P Astrology)” ဆိုတဲ့ Post မှာဖော်ပြ ထားတဲ့ ဥပဒေသတွေဟာ မှန်ကန်ပြီး စိတ်ချလက်ချသုံးလို့ရနိုင်ကြောင်းဖော်ပြနေပါတယ်။]

အကယ်၍ စတင်အမှုထမ်းချိန်ဟာ အဲဒီနေ့ (10:10:19) နာရီမှ (10:18:46) နာရီအတွင်း ဖြစ်နေမယ်ဆိုရင် အခါဇာတာဟာ အောက်ပါအတိုင်း ဖြစ်သွားပါမယ်-

ဒီဇာတာမှာ ၆-တန့် Sub-lord က ရာဟုဂြိုဟ် ဖြစ်ပြီး ၅-တန့်ဘာဝမှာရပ်တည်ကာ ၅-တန့်မှာရပ်နေသော ဝကြကျင့်နေတဲ့ စနေဂြိုဟ်ပိုင်နက္ခတ်ကိုစီးထားပါတယ်။ ၅-တန့်ဘာဝဟာ ၆-တန့်(ဝန်ထမ်းဘာဝ)ရဲ့ ၁၂-တန့်(ဗျာယဘာဝ)ဖြစ်လို့ ဒီအချိန်မှာသာလုပ်ငန်းစတင်ခဲ့ရင် အကျိုးပေးမှာ မဟုတ်ပါဘူး။ (၁၀)မိနစ်လောက်ကွာသွား တာနဲ့ ကံကြမ္မာဟာ ဆန့်ကျင်ဖက်ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် အခါဇာတာဟာ ကိစ္စရပ်တိုင်းမှာ မည်မျှအရေးပါကြောင်း သိနိုင်ပြီဖြစ်ပါတယ်။

နိုင်ငံခြားကို ငွေကုန်ကြေးကျခံပြီး အလုပ်သွားလုပ်တော့မယ်ဆိုရင်လည်း နိုင်ငံခြားမှာအလုပ်လုပ်ရင် အဆင်ပြေအောင် အခါဇာတာကိုရွေးပြီး အိမ်ကနေလေဆိပ်ကိုထွက်မယ်၊ ဆေးကုသမယ်ဆိုရင်လည်း အခါဇာတာကိုရွေးပြီး ကုသမယ်၊ လက်ထပ်တော့မယ်ဆိုရင်လည်း အခါဇာတာကိုရွေးပြီး လက်မှတ် ထိုးမယ် စသည်ဖြင့် ကိစ္စရပ်တိုင်းကို ဉာဏ်နဲ့ချင့်ချိန်ပြီး အသုံးချနိုင်မယ်ဆိုရင် ပိုမိုပြီးအောင်မြင်ပါလိမ့်မယ်။

ဒါဆိုရင် တစ်ဆင့်ထပ်တိုးပြီး စဉ်းစားကြည့်လိုက်ကြရအောင်။ အကယ်၍ အဲဒီအချိန် (10:10:19) နာရီမှ (10:18:46) နာရီအတွင်း ရာထူးတိုးဖို့ (သို့) အလုပ်အကိုင်ကောင်းဖို့ ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာ၊ အစီအရင်တွေလုပ်ခဲ့မယ်၊ နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ အိမ်ကနေလေဆိပ်ကိုထွက်မယ်ဆိုရင် အစီအရင်အောင်မြင်မမြင်၊ နိုင်ငံခြားမှာအလုပ်ရနိုင် မရနိုင်တို့ကို ဝေဖန်သုံးသပ်ကြည့်ကြပါဟု တိုက်တွန်းရင်း…

“သင်တို့၏ ဘဝအမောများပြေပါစေသတည်း…”

ဆရာဇာနည် (K.P)
Email: sayauzarni@gmail.com