“ စိတ်ညစ်တယ်အစ်ကိုရာ….ကောင်မလေးနဲ့လည်းအဆင်မပြေဘူး…”
“ ဘာဖြစ်လို့လဲကွ”
“ တွေ့တိုင်းကြပ်တယ် အစ်ကိုရာ…တွေ့ရတာမပျော်တော့ဘူး”
“ မင်း နာမည်က”
“ x x x x x x ”
“ မင်းကောင်မလေး နာမည်က”
“ x x x x x x ”
“ သြော်… မင်းတို့က သော-က အတွဲမိသွားတာကိုး….”
“ ဗျာ…အစ်ကိုပြောတာ ကျွန်တော်နားမလည်ဘူး…”
“ မင်းတို့နာမည်တွေ သော-က အတွဲမိသွားတာလို့ပြောတာ…”
“ ဆိုင်လို့လားအစ်ကိုရာ…နာမည်နဲ့…”
“ ဆိုင်တယ်ထင်ရင်လည်း သုံးပေါ့ကွာ။ မဆိုင်ဘူးထင်ရင်လည်း မသုံးနဲ့ပေါ့…”
“ ကျွန်တော့်ကို နည်းနည်းရှင်းပြပေးပါ…”
“ ဒီလိုကွ..။ တို့လက်ဆန်းပညာမှာ နာမည်အရင်းလုံးက ရုပ်နဲ့ဆိုင်ပြီး နာမည်အဖျားလုံးက စိတ်နဲ့ဆိုင်တယ်လို့ သတ်မှတ်ထားတယ်။ လောကကြီးမှာ လူတစ်ယောက်နဲ့တစ်ယောက် Harmony ဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းတည့်ဖို့လိုတယ်။ ရုပ်ကသိတတ်တဲ့သဘောမရှိဘူး။ ဒါ့ကြောင့်ရုပ်ကို ထည့်တွက် စရာမလိုဘူး။ ဥပမာ- လူတစ်ယောက်က ရယ်နေတယ်ဆိုရင် အသားစိုင်ကြီးတွေကလှုပ်နေတယ်။ ဈေးထဲက တွဲလောင်းချိတ်ထားတဲ့ ဝက်သား၊ အမဲသားတွေ လေတိုက်ပြီးလှုပ်နေသလိုမျိုးပေါ့။ သိတတ်တဲ့သဘောမရှိဘူး။
ဒါ့ကြောင့် မင်းရဲ့နာမည်အဖျားလုံးနဲ့ မင်းကောင်မလေးရဲ့ နာမည်အဖျားလုံးတို့ လက်ဆန်းဗေဒင်အလိုအရ မိတ်ဖြစ်ရင် Harmony ဖြစ်မယ်၊ ရန်ဖြစ်ရင် အဆင် မပြေဘူး၊ ဥဒါသိန်ဆိုရင်တော့ မိတ်မဟုတ်ရန်မဟုတ် ကြားနေပေါ့။ အခု မင်းတို့နှစ်ယောက်ရဲ့ နာမည်အဖျားလုံးတွေက သော-က လို့ခေါ်တဲ့ အတွင်းရန်မိနေတယ်။ ဒါ့ကြောင့် Harmony မကိုက်ဖူးလို့တော့ အစ်ကိုမြင်တယ်…”
“ ကျွန်တော်နားမလည်ဘူးအစ်ကို…မိတ်တွေ၊ ရန်တွေ၊ ဥဒါသိန်တွေကို…”
“ ကဲ…ရော့ ၊ စာရွက်နဲ့ရေးပေးလိုက်မယ်…”
“မိတ်အုပ်စုများ”
အတွင်းမိတ် – ဥဿာ (၁-၆)၊ စိန်ပန်း (၃-၅)၊ ဒါန်းလှ (၀-၄)၊ ကိုရှာ (၂-၈)။
အပြင်မိတ် – အောင်ပ (၁-၅)၊ ကုလား (၂-၄)၊ ဆွေသား (၃-၆)၊ တော်ရင်း (၀-၈)။
ဓာတ်မိတ် – အန္တော (၁-၀)၊ ဂဗ္ဘေ (၂-၅)၊ စရေ (၃-၈)၊ ဝံသေ (၄-၆)။
“ရန်အုပ်စုများ”
အတွင်းရန် – ဓမ္မာ (၀-၅)၊ သောက (၆-၂)၊ အင်းဝ (၁-၄)၊ ရာဇာ (၈-၃)။
အပြင်ရန် – ဦးညို (၁-၃)၊ ခေမာ (၂-၅)၊ သုတာ (၆-၀)၊ ဝေရီ (၄-၈)။
ဓာတ်ရန် – ဦးဝေ (၁-၄)၊ စံကူး (၃-၂)၊ ရေဘူး (၈-၅)၊ တောသူ (၀-၆)။
“ဥဒါသိန်အုပ်စုများ”
အထက်က မိတ်၊ ရန်အတွဲများတွင် မပါသော အတွဲများ။
အရေးအကြီးဆုံးကတော့ အာမေဋိတ်ဥဒါသိန်လို့ခေါ်တဲ့ နံတူအတွဲတွေပဲ။ နာမည်အဖျားလုံးချင်း နံတူနေရင်၊ ဥပမာ (၁-၁)၊ (၂-၂)၊ …စသည်ဖြင့်ပေါ့လေ။ ဒီလိုမျိုးဆိုရင်တော့ မျဉ်းပြိုင်နှစ်ကြောင်းဘယ်တော့မှ မဆုံသလိုပဲ၊ သဘောထားအမြင်ချင်းတွေက မတူညီတတ်ကြဘူး။ Harmony ဖြစ်ဖို့ခဲယဉ်းတယ်..”
“ ဒါဆိုရင် ဒီပညာနဲ့အကုန်လုံးကို အသုံးချရင်ရမှာပေါ့နော် အစ်ကို…”
“ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တောအနန္တ (၅)ပါးတွေ၊ ခင်ပွန်းကြီး (၁၀)ပါးလို့ခေါ်တဲ့ ကျေးဇူးရှင်ကြီးတွေအပေါ်မှာ ဒီပညာနဲ့ချိန်ထိုးရင်တော့ မှန်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အနန္တမေတ္တာတွေ ကျေးဇူးတွေက ဒီအားတွေနဲ့ယှဉ်လိုက်ရင် မြင့်မိုရ်တောင်နဲ့ မြူမှုန်လောက်ကွာလိမ့်မယ်၊ မနှိုင်းယှဉ်အပ်ဘူး၊ အသုံးမချအပ်ဘူး။ ဒီပြင်နေရာမှာမင်း…သုံးကြည့်ပေတော့…။ မဟော်သဓာနဲ့ အမရာတို့လို (တော်ရင်း) အတွဲတွေ၊ အာဒမ်နဲ့ဧဝတို့လို (ဒါန်းလှ) အတွဲတွေ၊ ဦးကြိုင်နဲ့ဒေါ်ရွှေတို့လို (ကိုရှာ) အတွဲတွေကို မင်းမြင်လာလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးရင်လည်း နာမည်အဖျားလုံးနံတူနေတဲ့သူတွေ ခေါင်းဆောင်ပြီးဆွေးနွေးနေရင် ကြာလိမ့်မယ်။ ကဲ… ပြန်ပေတော့…”
“ ဟုတ်ကဲ့”
စာရွက်လေးကိုရိုသေစွာခေါက်ပြီး ကျောခိုင်းထွက်ခွါသွားသော ညီငယ်လေး၏ကျောပြင်ကိုကြည့်ရင်း ဘဝသံသရာခရီးကြီးကို ငြီးငွေ့နေမိပါတော့သတည်း…။
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com