စကားပြောသော အဆောင်ရုပ်များ

20131026_041216

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ သူငယ်ချင်းဖြစ်သူ ကိုတင်ထွဋ် ရောက်ရှိလာလေ၏။

“သူငယ်ချင်း…ဘယ်ကလှည့်လာတာလဲ…”

“ဒီကိုပဲ တမင်လာခဲ့တာ…အဆောင်ရုပ်လေးတွေအကြောင်း သိချင်လို့…”

“ဘယ်လို သိချင်တာလဲ…”

          “ဒီလိုကွာ…အဆောင်ရုပ်လေးတွေ ဆောင်ထားရင် အကျိုးပေးမလား၊ ခိုက်မလားပေါ့။ အကျိုးပေးရင်လည်း ဘယ်လိုအကျိုးပေးမှာလဲ၊ ခိုက်ရင်လည်း ဘယ်လိုခိုက်မှာလည်း သိချင်လို့…”

          “မင်းဆောင်ထားလို့လား…ဆောင်ထားရင် စစ်ကြည့်တာပေါ့…”

“ဒီမှာ…”

၎င်း၏ အိပ်ကပ်အတွင်းမှ ရွှေရောင်သံလျက်လေးကို ထုတ်ပြ၏။ အတော်ပင် လက်ရာမြောက်လှ၏။

“ဘာသားနဲ့ ထုထားတာလဲ…”

“ငါက အင်္ဂါသားဆိုတော့ စွယ်တော်နဲ့ ထုထားတာလေ…”

“ဘယ်သူ ညွှန်လိုက်လို့လဲ…”

          “ဘယ်သူမှ မညွှန်ဘူး…စာအုပ်တွေဖတ်ပြီး ငါ့ဘာသာငါ သွားအပ်ထားတာ…တစ်ချို့ကပြောတယ်… အဆောင်ဆိုတာ အခန့်မသင့်ရင် ခိုက်တတ်တယ်တဲ့… ဆောင်ပြီးမှ ခပ်လန့်လန့်ပဲ…”

          ကျွန်ုပ်လည်း စိုးရိမ်သွား၏။ ဟိုးအတိတ်ဆီမှ မထင်မှတ်ပဲ ဆုံစည်းခဲ့ရသော ကိုဝင်းခိုင်ဆိုသူ၏ ပုံရိပ်များ ပြန်လည်မြင်ယောင်လာ၏။

          “တစ်ခါတုန်းက နယ်မှာ ကိုဝင်းခိုင်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်…ဒီလူက သစ်ခွဲစက် ဝိုင်းဆရာ၊ ကိုယ်ပိုင်သစ်စက်နဲ့… စီးပွားရေးလည်း တော်တော်အဆင်ပြေပါတယ်၊ ကိုယ်ပိုင်ကားတွေ ဘာတွေနဲ့ပေါ့လေ…

          တစ်နေ့ကြတော့ သူ့အမျိုးသမီးက ဆရာတစ်ယောက်ဆီမှာ ဗေဒင်သွားကြည့်တော့ အဲဒီဆရာက “လက်ခုပ်” သားနဲ့ ထုထားတဲ့ “ဝန်ကြီး” ရုပ်ကို အဆောင်အဖြစ် ပေးလိုက်တယ်…

          ဝင်းခိုင် (၄-ဟူးစ၊ ၂-င်္လာအဆုံး)

          လက်ခုပ် (၄-ဟူးစ၊ ၂-င်္လာအဆုံး)

          ဝန်ကြီး   (၄-ဟူးစ၊ ၂-င်္လာအဆုံး)

          နံတူကက်ကင်းတွေပေါ့လေ… အဆင့်ဆင့် ထပ်ပေးလိုက်တာ၊ အဲဒီ အဆောင်ရုပ်လည်း ဆောင်ပြီးရော သူငယ်ချင်းရေ… အဆောင်ရုပ်လေးက စပြီးတော့ စကားပြောတော့တာပဲ…”

            “ဘယ်လိုပြောတာလဲ သူငယ်ချင်း…”

စိတ်ဝင်စားစွာဖြင့် မေးလာ၏။

          “အဆောင်ရုပ်လေးက ပြောတယ်…၊ ကိုဝင်းခိုင်… ကျုပ်..”လက်ခုပ်” သားနော်တဲ့…။ ခင်ဗျား လုပ်နေတာက ဝိုင်းဆရာ၊ ခင်ဗျားလက်ကို ကျုပ်.. ခုတ်ပစ်မယ်နော်..တဲ့။ အဆောင်ရုပ်လေးက ပြောတာကို သူက နားမလည်လိုက်ဘူး။ တစ်နေ့ကြတော့ “လွှဝိုင်း” ဆွဲနေရင်း သူ့ညီရဲ့ အော်သံကြားလို့ လှည့်အကြည့်လိုက်မှာ သူ့လက်က လွှဝိုင်းထဲဝင်သွားပြီး သူ့ရဲ့ ညာဘက်လက်မ ပြတ်သွားတယ်…၊ လုပ်ငန်း အရမ်းကျွမ်းကျင်တဲ့သူဆိုတော့ သူ့ကိုယ်သူတောင် မယုံနိုင်ဘူး…”

          သူငယ်ချင်း မျက်နှာပျက်သွား၏။ စိတ်မကောင်းလေသည်လား၊ လန့်နေလေသည်လားတော့ မသိ။

          “ဟင်း… ဗေဒင်ဆရာကလည်း  လွှဝိုင်းဆရာကို လက်ခုပ်သား သွားပေးတာကိုး…၊ ဇာတ်မင်းသားကို လက်ခုပ်သားပေးရင် တော်သေးရဲ့…”

           ကျွန်ုပ် စကားဆက်လိုက်၏။

          “အဆောင်ရုပ်လေးက ထပ်ပြောတယ်… ၊ ကျုပ် “ဝန်ကြီး” ရုပ်နော်တဲ့… ခင်ဗျား ဝန်တွေကြီးလာ လိမ့်မယ်တဲ့… အဆောင်ရုပ်လေးက ပြောတာကို သူက နားမလည်လိုက်ဘူး။ ဘာကြာမလဲ… သူ့ညီမိသားစု ဒုက္ခရောက်လို့ဆိုပြီး အိမ်ပေါ်တက်လာတော့ သူ… ဝန်တွေကြီးပါလေရော… သူ့ညီ မိသားစု တစ်ခုလုံးကို သူပဲ ကျွေးမွေးစောင့်ရှောက် ထားရတော့တယ်…”

          “ ဟင်… အစိုးရ အရာရှိကြီးလည်း မဟုတ်ပဲနဲ့ ဘာဖြစ်လို့ ဝန်ကြီးရုပ်ကို ပေးတာလဲ…”

ဗေဒင်ဆရာကို ထိုင်ပြီး ဝေဖန်နေလေ၏။

          “အဲဒီ အထိတော့ အဆောင်ရုပ်လေး ပြောတာကို ငါနားလည်သေးတယ်… နောက်ဆုံးတစ်ခွန်း ပြောသွားတာကိုတော့ အခုထိ နားမလည် သေးဘူး…”

          သူငယ်ချင်း မျက်နှာပျက်နေ၏။ သူ၏ အဆောင်ရုပ်လေးပေါ်တွင် သံသယဝင်နေဟန် ရှိ၏။

          “နောက်ဆုံးပြောသွားတဲ့ စကားတစ်ခွန်းကတော့… ကိုဝင်းခိုင်…တဲ့၊ ခင်ဗျားအိမ်က ခင်ဗျားကားကို မောင်းနေတဲ့ ခင်ဗျားသူငယ်ချင်း ၄-ဟူးစ၊ ၂-င်္လာဆုံး နာမည်ရှင်နဲ့ ခင်ဗျားမိန်းမတို့ ခိုးရာလိုက်ပြေး ကြလိမ့်မယ်တဲ့…။ ၄-ဟူးစ၊ ၂-င်္လာဆုံး နာမည်ရှင်ကြောင့်ပဲ ဝန်ကြီးသွားတယ်လို့ ငါနားလည် လိုက်တယ် သူငယ်ချင်း…၊ သူ့မိန်းမနဲ့ သူ့သူငယ်ချင်းလည်း ခိုးရာလိုက်ပြေးရော… သူလည်း အရက်သမားကြီး လုံးလုံးဖြစ်သွားပြီး နောက်ဆုံး မိသားစုတွေ တကွဲတပြားစီဖြစ်၊  စီးပွားတွေကျပြီး ငါနဲ့တွေ့တဲ့ အချိန်မှာ သူ့ရဲ့ အကြောင်းတွေကို ရင်ဖွင့်ပြီး သူ့လို တစ်ခြားသူတွေ ဒုက္ခမရောက်အောင် ဆရာကယ်ပေးပါလို့ ပြောလို့ မင်းကို ပြောပြနေရတာ သူငယ်ချင်း…”

          “ဟာ…”

ကိုတင်ထွဋ်တစ်ယောက် တော်တော်လန့်နေပြီ ဖြစ်၏။

“ဒါဆို ငါ… ဒီအဆောင်ရုပ်လေးကို လွှင့်ပစ်လိုက်တော့မယ်…”

          “ဟေ့… လွှင့်ပစ်မယ်လို့ မပြောရဘူး…၊ စွန့်ပစ်မယ်လို့ ပြောရတယ်…။ အဆောင်တစ်ခု၊ ယတြာတစ်ခုကို ဆောင်ပြီးသွားရင်၊  ဒီအဆောင်ကို သံသယဖြစ်လို့ ဖြစ်စေ၊ အဆောင်ကို စီရင်ပေးတဲ့ ဆရာအပေါ်မှာ စိတ်ကွက်လို့ဖြစ်စေ အဆောင်တွေ၊ ယတြာတွေကို စွန့်ပစ်တတ်ကြတယ်…။ စွန့်ပစ်တာကတော့ မင်းရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ မင်း… စွန့်ပစ်နိုင်တယ်။ ဒါပေမယ့် စွန့်တော့မယ်ဆိုရင် ရိုရိုသေသေနဲ့ စံနစ်တကျ စွန့်ရတယ်။ ဘယ်လောက်မကောင်းတဲ့ ဆရာဖြစ်စေ၊ ဘယ်လောက်မစွန်တဲ့ ယတြာ အဆောင်ဖြစ်စေ ရိုရိုသေသေနဲ့ စံနစ်တကျ မစွန့်ရင် အဲဒီအချိန်မှာ ဒုက္ခပေးတတ်ကြတယ်။

          တစ်ခါတုန်းက ရန်ကုန်မြို့လယ်ခေါင်မှာ ရုက္ခစိုးမှော်အောင်တဲ့ ဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆုပ်ထားတဲ့ လက်ဝါးထဲကို ပစ္စည်းတွေ အလိုလို ကျလာတယ်။ တစ်ခါတစ်လေ ကြေးစည်တွေဘာတွေ ကျလာတတ်တယ်။ အဲဒီလိုကျလာရင် သူက အဲဒီ ကြေးစည်လေးပေါ်မှာ Soft Pen အနီနဲ့ “အင်း”  ဆွဲပေးလိုက်တယ်။ “အင်း”သည်ကြီးပေါ့။ ဈေးကလည်း ကြီးသေးတယ်။ ပြီးရင် သူမွေးထားတဲ့ သူရဲနှစ်ကောင်ကို “တိုးကြီး တိုးလေး… တစ်ခါတည်း လိုက်စောင့်ရှောက်” ဆိုပြီး ထည့်ပေးလိုက်သေးတယ်…”

          “တကယ်ရော စွမ်းလားကွ…”

          “စွမ်းမစွမ်းတော့ မသိဘူး…၊ ကြည့်ကောင်းလို့ ခဏခဏတော့ ရောက်ဖြစ်တယ်…။ သူများတွေ ပြောသလိုပေါ့…၊ ဘာတဲ့… ဆောင်ထားရင် လေးတယ်၊ ရေစိမ်သောက်ရင် သေးပေါက်တယ်၊ ပစ်ရင် အဝေးရောက်တယ် ဆိုတာလေ…။ အဲဒီအတိုင်းပဲ…။

          အဲဒါနဲ့ ငါလည်း တင်းပြီးတော့ ညတစ်ညမှာ စေတီတစ်ဆူရဲ့ သောကြာထောင့်မှာ လွှင့်ပစ်လိုက်တယ်…။ စွန့်တာမဟုတ်ဘူးနော်… လွှင့်ပစ်တာ…။ လွှင့်ပစ်လည်းပြီးရော အဲဒီညတွင်းချင်းပဲ ငါ့အမျိုးသမီးလည်း ကောက်ခါငင်ခါ ထဖျားတော့တာပဲ…။ တစ်ညလုံး တစ်ဟင်းဟင်းနဲ့ ငြီးနေတာ…။ ငါလည်းသိလိုက်တယ်…။ ငါက တနင်္ဂနွေသားဆိုတော့ ငါပေါ့ပေါ့တန်တန် ပစ်လိုက်တဲ့ သောကြာထောင့်က ငါ့ရဲ့မွေးနေ့ တနင်္ဂနွေနဲ့ (ဦးသာ)  အိမ်ထောင်မိတ်တွေလေ…။ ဒါ့ကြောင့် အမျိုးသမီး ထိသွားပြီဆိုတာ သိလိုက်တယ်။ ထောင့်ပြန်သွားရွှေ့ဖို့ ကြတော့လည်း စေတီက ပိတ်ပြီလေ…။ ဒါကြောင့် အမျိုးသမီးရဲ့ နံတူဖြစ်တဲ့ ခံတက်ကိုင်း တစ်တောင်လောက်ကို သူ့အင်္ကျီရဲ့ အပေါ်ကနေ ရင်ဘတ်ထဲမှာ ထည့်ပေးထားပြီး အိပ်ခိုင်းလိုက်တော့မှ အဖျားက တစ်ဖြည်းဖြည်း ကျသွားတယ်…။

          မနက်ကျတော့မှ စေတီကိုသွားပြီး မွေးနံတနင်္ဂနွေရဲ့ ဘုမ္မိထောင့်ဖြစ်တဲ့ ၄-ဟူးထောင့်မှာ ပြန်ပြောင်းပြီး ရိုရိုသေသေ ပြန်စွန့်လိုက်ရတယ်…။ နောက်တော့ ခံတက်ကိုင်းကို အင်္ကျီရဲ့ အောက်ကနေ ဆွဲထုတ်ပြီး ရေစီးနေတဲ့ ချောင်းထဲမှာမျှော၊ ဆရာဝန်ဆီ သွားပြလိုက်တော့မှ ကောင်းသွား တော့တယ်…”

          “ဟာ… ကြောက်စရာကြီးနော်…”

“အဲဒါကြောင့်ပြောတာပေါ့၊ ရိုရိုသေသေ စံနစ်တကျ စွန့်ပါလို့…”

“ငါက စနေဆိုတော့ ငါ့ရဲ့ ဘုမ္မိထောင့်က ဘယ်ထောင့်လဲ…”

“ရော့… ဒီမှာကြည့်…၊ ဒါက နေ့(၇)နေ့ရဲ့ ဘုမ္မိထောင့်တွေပဲ…

၁-နွေသား – ၄-ဟူးထောင့်(တောင်အရပ်)

၂-င်္လာသား – ၀-နေထောင့်(အနောက်တောင်အရပ်)

၃-င်္ဂါသား – ၅-တေးထောင့်(အနောက်အရပ်)

၎-ဟူးသား (၄-ဟူးနေ့ မနက်ပိုင်းမွေး) – ၈-ဟုထောင့်(အနောက်မြောက်အရပ်)

၅-တေးသား – ၁-နွေထောင့်(အရှေ့မြောက်အရပ်)

၆-ကြာသား – ၃-င်္ဂါထောင့်(အရှေ့တောင်အရပ်)

ဝ-နေသား – ၆-ကြာထောင့်(မြောက်အရပ်)

၈-ဟုသား (၄-ဟူးနေ့ ညနေပိုင်းမွေး) – ၂-င်္လာထောင့်(အရှေ့အရပ်)

          မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင်တော့ စေတီတွေမှာ ဂြိုဟ်တိုင်တွေ တွေ့တယ်မှတ်လား… မိမိမွေးနံထောင့်ရဲ့ လက်ယာရစ် လေးခွင် မြောက်က ကိုယ့်ရဲ့ ဘုမ္မိအရပ် (ဘုမ္မိထောင့်) ပဲပေါ့…”

           “ဘုမ္မိအရပ်ဆိုတာ…”

           “ဘုမ္မိအရပ်ဆိုတာ အညစ်အကြေးစွန့်ရာ အရပ်ကိုပြောတာ… ဟိုးတုန်းက ဘုရင်တွေ မြို့ရွာတည်ရင် ဘုမ္မိအရပ်မှာ သင်္ချိုင်းထားတယ်၊ “ဂဟပတိ” လို့ခေါ်တဲ့ လက်ယာရစ် ငါးခွင်မြောက် အရပ်မှာ ကျီကျဘဏ္ဍာကို ထားကြတယ်…။ အခုခေတ်မှာ ခေတ်စားနေတဲ့ ဝါစတုသျှတ္တရ ပုံမျိုးပေါ့…။ ကိုယ့်လူတို့က နိုင်ငံခြားဖြစ်ကို အထင်ကြီးနေကြတာကိုး…။ ဒါက မြန်မာပိုင်ပညာ စစ်စစ်လေ… ဟိုးတုန်းက လူကြီးတွေ အိမ်ဝယ်ရင် ကြားဘူးကြတယ်မှတ်လား… အိမ်ထောင်ဦးစီးက ၁-နွေသားဆိုရင် တောင်ဘက်လှည့်တဲ့အိမ် မဝယ်နဲ့ ဆိုတာလေ… အဲဒါ ဘုမ္မိအရပ်ဘက်လှည့်တဲ့ အိမ်ကို မဝယ်နဲ့လို့ ပြောတာပေါ့…

             အိမ်ထဲမှာ အိပ်ရင်လည်း နေ့သားအသီးသီးအလိုက် ကိုယ့်ရဲ့ ဘုမ္မိအရပ်ကို ခေါင်းပြုမအိပ်နဲ့ပေါ့… ပိုက်ဆံအိပ်တို့၊ ပိုက်ဆံသိမ်းတဲ့နေရာတို့၊ မီးခံသေတ္တာတို့ကို ဘုမ္မိအရပ်မှာ မထားနဲ့… ငွေမမြဲတတ်ဘူး… “ဂဟပတိ” လို့ခေါ်တဲ့ ကျီကျဘဏ္ဍာအရပ်မှာ ထားရမယ်…”

           “ကျီကျဘဏ္ဍာအရပ်ဆိုတာ…”

“နေပါဦးကွာ… မောလာပြီ၊ ရေနွေးလေးဘာလေး သောက်ပါရစေဦး…”

“ဆက်ဦးလေကွာ…”

အားနာသည့်ပုံလည်း မပေါ်…။

“ရော့… ဒီမှာကြည့်…၊ ဒါက နေ့(၇)နေ့ရဲ့ ကျီကျဘဏ္ဍာအရပ်(ထောင့်) တွေပဲ…”

၁-နွေသား – ၀-နေထောင့်(အနောက်တောင်အရပ်)

၂-င်္လာသား – ၅-တေးထောင့်(အနောက်အရပ်)

၃-င်္ဂါသား – ၈-ဟုထောင့်(အနောက်မြောက်အရပ်)

၎-ဟူးသား (၄-ဟူးနေ့ မနက်ပိုင်းမွေး) – ၆-ကြာထောင့်(မြောက်အရပ်)

၅-တေးသား – ၂-င်္လာထောင့်(အရှေ့အရပ်)

၆-ကြာသား – ၄-ဟူးထောင့်(တောင်အရပ်)

ဝ-နေသား – ၁-နွေထောင့်(အရှေ့မြောက်အရပ်)

၈-ဟုသား (၄-ဟူးနေ့ ညနေပိုင်းမွေး) – ၃-င်္ဂါထောင့်(အရှေ့တောင်အရပ်)

                 ကျန်တဲ့ အရပ်မျက်နှာ (၆)ခု အကြောင်းကတော့ နောက်မှပဲပြောတော့မယ်…။  ဈေးရောင်းတဲ့ သူတွေဆိုလည်း မနက်စောစော ဆိုင်ဖွင့်ရင် အရပ်(၈)မျက်နှာကို မေတ္တာပို့၊ ပြီးရင် မိမိတို့ရဲ့ဂဟပတိအရပ်က မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေကို အထူးမေတ္တာပို့ရင် ဝင်ငွေတွေတိုးလာမယ်…။

                    Taxi မောင်းတဲ့သူတွေ ဆိုရင်လည်း မနက်စောစော ကားမထွက်ခင် အရပ်(၈)မျက်နှာကို မေတ္တာပို့၊ ပြီးရင် မိမိတို့ရဲ့ဂဟပတိအရပ်က မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေကို အထူးမေတ္တာပို့ပြီး အဲဒီအရပ်ဘက်ကို အရင်ဆုံးစထွက်၊ ဒါဆိုရင် ဝင်ငွေတွေတိုးလာမယ်…။”

          “ xxxxxxxxxxx…”

“ဟေ့ကောင်ကြီး ငြိမ်လှချည်လား…၊ ဘာတွေငေးကြည့်နေတာလဲ…”

“အဲဒီ ပန်းချီကားက မင်းဆွဲထားတာလား…”

“အေးလေ…၊ ဘာဖြစ်လို့လဲ…”

          “ဘာမှမဖြစ်ပါဘူး…၊ စိတ်ဝင်စားလို့ မေးကြည့်တာပါ…။ ဒါနဲ့ အဲဒီပန်းချီကားက ဒီအတိုင်းထားမှာလား၊ ပြန်ပြင်ဦးမှာလား၊ အသစ်ပြန်ဆွဲ မှာလား…”

          “မင်းလည်း အင်္ဂဝိဇ္ဇာ လိုက်စားနေတဲ့သူပဲ… မင်းဟောကြည့်ပေါ့…”

          “အဟမ်း…။ ဒီနေ့က ၁-နွေနေ့၊ ၁-နွေအခါဆိုတော့ (အင်၊တူ၊လက်၊မျှ – နဂိုပ) အရ နဂိုအားကြီးတယ်…။ ဒါ့ကြောင့် အသစ်ပြန်ဆွဲဖြစ်မှာ မဟုတ်ဘူး…။ ဒါပေမယ့် နံတော်စဉ်ပညာ အလိုအရ      ၁-နွေနေ့၊ အခါဟာ ဓာတ်တော်ဝေတဲ့အခါပဲ…။ ဓာတ်တော်ဝေတဲ့အခါ ဆိုတော့ မူလ ပုံသဏ္ဍာန်တွေ ကွဲသွားလို့ မင်း… ပြန်ပြင်ဖြစ်မယ်…”

          “ကဲ… ဟောပြီးရင်လည်းထ၊ အပြင်သွားမယ်…”

“ဟုတ်…”

(ပြီးပါပြီ)

ဆရာဦးဇာနည်(KP)

B.E.(CIVIL)

Email: sayauzarni@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s