ဘာစီးပွားရေးလုပ်ရမလဲလို့ တစ်မေးတည်း မေးနေသူများအတွက် အမှတ်(၁)မှာတော့ မွေးနေ့အလိုက် အကျိုးပေးတဲ့ လုပ်ငန်းတွေကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ့်ရဲ့မွေးချိန်အရ တွက်ချက်ထားတဲ့ မူလဇာတာပေါ်မူတည်ပြီး ဘာအလုပ်လုပ်ရမလဲ ဆိုတာကို ပေါက်ဖော်ဇာတာတစ်စောင်နဲ့ တင်ပြသွားပါမယ်။
Astro data
Name: Mr. အင်္ဂါသား
Date: 18.7.1972(Tue) Time: 10:35 AM(M.S.T)
Place: မြစ်သားမြို့၊ မန္တလေးတိုင်းဒေသကြီး။
Lat: 21′ N 25′ Long: 96′ E 8′
အထက်ပါ Astro data များကို မူလဇာတာ (မွေးဇာတာ)ဖွဲ့လျှင် အောက်ပါ KP မူလဇာတာကိုရရှိမည်-
ဒီဇာတာကတော့ နိုင်ငံခြားသင်္ဘောလိုင်းကြီးမှ Captain(Master Mariner) တစ်ယောက်ရဲ့ ဖွားဇာတာ ဖြစ်ပါတယ်။ စီးပွားရေးဆိုတဲ့မေးခွန်းကိုတော့ ကျွန်တော့်ရဲ့မူအရ ၂-တန့်၊ ၁၁-တန့် ဆိုတဲ့ ဘာဝနှစ်ပါးကို အဓိကထားပြီး စစ်ဆေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂-တန့်ဟာ ဝင်ငွေ၊ ပစ္စည်းဥစ္စာစုဆောင်းခြင်းတို့နဲ့ သက်ဆိုင်ပြီး၊ ၁၁-တန့်ဟာ အစုလိုက်အပုံလိုက်ရခြင်း၊ လာဘ်လာဘရခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။
ဒါ့ကြောင့် KP မူအရ ၂-တန့်၊ ၁၁တန့် ရဲ့ အကျိုးကိုဆောင်ပေးမယ့် ဇာတ်ဆောင်ဂြိုဟ်တွေကို ရှာဖွေပြီး၊ အဲဒီထဲကမှ အားကောင်းသောဂြိုဟ်များကိုရွေးထုတ်ကာ ၄င်းတို့ရဲ့ပရိယာယ်အတိုင်း လုပ်ဆာင်ရန် အကြံပေးပါတယ်။ လက်တွေ့သုံးသပ်ကြည့်ကြပါစို့။
“၂-တန့်ဘာဝ ဇာတ်ဆောင်ဂြိုဟ်များ”
၂-တန့်ဘာဝဟာ တူရာသီဖြစ်ပါတယ်။ ၂-တန့်ဘာဝမှာ ရပ်တဲ့ဂြိုဟ်မရှိပါဘူး။ ပိုင်ရှင်က ၆-ကြာဂြိုဟ်ဖြစ်ပါတယ်။ မည်သည့်ဂြိုဟ်ကမှ ၆-ကြာပိုင်နက္ခတ်ကို စီးနင်းထားခြင်း မရှိပါဘူး။ No planets in its stars ပါ။ ဒီလို မိမိပိုင်နက္ခတ်ပေါ်မှာ ဘယ်ဂြိုဟ်မှ စီးမထားရင် သူဟာ အားအလွန်ကောင်းလာရုံမက၊ မိမိ Sub-lord အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Cusps(အတန့်)တွေရဲ့ အားကောင်းတဲ့ ဇာတ်ဆောင်လည်း ဖြစ်လာပါတယ်။ ဒီဇာတာမှာကြည့်မယ်ဆိုရင် ၆-ကြာဟာ ၁-တန့်၊ ၃-တန့်၊ ၇-တန့်၊ ၉-တန့်တို့ရဲ့ Sub-lord ဖြစ်တဲ့အတွက် အဲဒီအတန့်တွေရဲ့ အားကောင်းတဲ့ ဇာတ်ဆောင်လည်းဖြစ်လာပါတယ်။
၃-တန့်သည် နေရပ်ကို စွန့်ခွာခြင်း၊ ၇-တန့်သည် နိုင်ငံခြားခရီး၊ ၉-တန့်သည် ခရီးဝေး စသည်ဖြင့် သက်ဆိုင်ပါတယ်။ ၆-ကြာဟာ ၉-တန့် (ခရီးဝေး)ဘာဝမှာ ရပ်တည်ထားပါတယ်။ ၆-ကြာဟာ အာပေါဂြိုဟ်လို့ခေါ်တဲ့ ရေဂြိုဟ်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ၆-ကြာသည် ၁၁-တန့် (လာဘဘာဝ) တွင်ရပ်တည်နေသော ၃-ဂြိုဟ်ပိုင်နက္ခတ်ကို စီးထားပါတယ်။ ဒါ့ကြောင့် ၆-ကြာတစ်လုံးတည်းကပဲ အထက်မှာပြောခဲ့တဲ့ ၂-တန့်၊ ၁၁-တန့်တွေရဲ့ အားကြီးတဲ့ ဇာတ်ဆောင်ဂြိုဟ် ဖြစ်နေပါတယ်။
ဒါ့ကြောင့် ဒီအချက်တွေကို စုပေါင်းကောက်ချက်ချမယ်ဆိုရင် (1) နေရပ်ကိုစွန့်ခွာပြီး၊ (2) နိုင်ငံခြားခရီး၊ (3) ခရီးဝေးများကိုသွားကာ (4) ရေနှင့်ဆိုင်သော အလုပ်များကို လုပ်ခြင်းဖြင့် (A) ဝင်ငွေတိုးတက်လာခြင်း၊ (B) အစုလိုက်အပုံလိုက် လာဘ်လာဘရခြင်းများကို ဟောနိုင်မှာဖြစ်ပါတယ်။ ၂-တန့်နဲ့ ၁၁-တန့်တွေဟာ ကန်လဂ်အတွက် စရရာသီလို့ခေါ်တဲ့ လှုပ်ရှားတဲ့ ရာသီများဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားသွားလာတဲ့ အလုပ်တွေကနေ ဝင်ငွေ၊ လာဘ်လာဘတွေ ရရှိမှာဖြစ်ပါတယ်။ ကန်လဂ်ဟာ စပါးနှံကိုင်ပြီးလှေစီးနေတဲ့ ကညာပျို ရုပ်ဖြစ်ပါတယ်။ လဂ်သခင်ဂြိုဟ် ၄-ဟူး စရရာသီတွင် ရပ်တည်နေရုံမျှမက၊ ဂြိုဟ်ကိုးလုံးအနက် ခြောက်လုံးသည် စရရာသီလို့ခေါ်တဲ့ လှုပ်ရှားတဲ့ ရာသီမှာ ရပ်တည်နေပါတယ်။
“၁၁-တန့်ဘာဝ ဇာတ်ဆောင်ဂြိုဟ်များ”
၁၁-တန့်ဘာဝမှာ ၃-င်္ဂါနဲ့ ၄-ဟူးဂြိုဟ်နှစ်လုံး ရပ်တည်ပါတယ်။ ၂-င်္လာနဲ့ ၆-ကြာဂြိုဟ်တို့ဟာ ၃-င်္ဂါဂြိုဟ်ပိုင် နက္ခတ်ကိုစီးထားတဲ့ အတွက် ၁၁-တန့်ရဲ့ ဇာတ်ဆောင်ဖြစ်လာပါတယ်။ ၂-င်္လာနဲ့ ၆-ကြာတို့ဟာ အာပေါဂြိုဟ်လို့ခေါ်တဲ့ ရေဂြိုဟ်များဖြစ်ကြပါတယ်။ ဒါ့ကြောင့် သင်္ဘောလိုက်ခြင်းဖြင့် လာဘ်လာဘရနိုင်တယ်။ အစုလိုက်အပုံလိုက်ရနိုင်ပါတယ်။
၃-င်္ဂါဂြိုဟ်ဟာ ၁၁-တန့်မှာရပ်တည်ပြီး ၁၁-တန့်မှာရပ်တဲ့ ၄-ဟူးဂြိုဟ်ပိုင်နက္ခတ်ကို စီးထားပါတယ်။ ၃-င်္ဂါဟာ မြေရဲ့ ကာရကဂြိုဟ်ပါ။ ဒါ့ကြောင့်သူဟာ မန္တလေးမှာရှိတဲ့ မြေကွက်တွေကနေ အမြတ်အစွန်းများစွာ ရရှိခဲ့ပါတယ်။
အခြားအချက်တွေ အများကြီးရှိသေးပေမယ့် များများမြင်နည်းနည်းရေးတဲ့ လူပျင်းကျွန်တော့်ရဲ့ ထုံးစံအတိုင်း ဤနေရာတွင် နိဂုံးချုပ်လိုက်ပါပြီ။ ဒါတောင်မှ ဒီဘာဝနှစ်ပါးမှာ အဟောတွေ အများကြီးကျန်ပါသေးတယ်။ ၂-တန့်ဘာဝမှာ မျက်နှာအကြောင်းတွေ၊ အတူနေ အိမ်သူအိမ်သား အကြောင်းတွေ၊ ညာဘက်မျက်စိအကြောင်းတွေ၊ ၁၁-တန့်ဘာဝမှာ အစ်ကိုကြီးအစ်မကြီး အကြောင်းတွေ၊ မိတ်ဆွေအကြောင်းတွေ၊ နိုင်ငံခြားခရီးအကြောင်းတွေ စသည်ဖြင့် မြောက်များစွာ ကျန်ပါသေးတယ်။ လူတစ်ယောက်ကို ဘဝတစ်သက်တာ ဟောစာတန်းရေးပေးပါဆိုရင် ဘာဝ (၁၂)ပါးကို ရေးရမှာပါ။ ရက်ပေါင်းဘယ်လောက် ကြာမလဲဆိုတာ ခန့်မှန်းနိုင်ကြပါတယ်။
ဒီလောက်ဆို လူတစ်ယောက်ရဲ့ စီးပွားရေးအကြောင်းအရာ တစ်ခုတည်းမှာပဲ ဘယ်လောက်တွေးခေါ်ရတယ်ဆိုတာ သိလောက်ပါပြီ။
တစ်ချို့က “ဘာစီးပွားရေးလုပ်ရမလဲ” ဟု စကားလုံး (၈) လုံးဖြင့် ဖရီးကစ်ကြ၏။ ပညာ၏ အတိမ်အနက်ကို နားမလည်။ ၄င်းတို့ဘက်က စကားလုံး(၈)လုံးသာ စိုက်လိုက်ရ၏။ ပညာရှင်က ခေါင်းမွေးဖြူအောင် စဉ်းစားရ၏။ ထို့ကြောင့် (၈)လုံး ဖရီးကစ်များအတွက် မိတ်မပျက်ရအောင် ဂဏန်း(၈)လုံးပါသော မဟာဘုတ် အပေါ်တန်း (၃) လုံးကိုလုပ်ပါဟု ပြန်ဖြေပေးလိုက်၏။ နောက်တစ်မျိုးက (၃)လုံးဖရီးကစ်။ တိုတိုတုတ်တုတ်ပင် “စီးပွားရေး” ဟု မေးကြ၏။ (၃)လုံးဖရီးကစ်များ အတွက်ကြတော့ မိတ်မပျက်ချင်၍ အခါတိုင်ထောင်ပြီး အပေါ်(၃)လုံးပေးလိုက်၏ ။ ဥပမာ- ၁-နွေအခါမေးလျင် အပေါ်(၃)လုံးဖြစ်သည့် ၆-ကြာ၊ ၂-င်္လာ၊ ၅-တေးနံများ လုပ်ပါဟု ပြောလိုက်၏။ ၂-င်္လာနံရဲ့ (က) တစ်လုံးတည်းကိုပဲ စဉ်းစားကြည့်ပါဦး… ကားလုပ်ငန်းလုပ်ရမှာလား၊ ကြက်မွေးမြူရေးလား၊ ကြေးလုပ်ငန်းလား၊ ကျောက်လုပ်ငန်းလား၊ ကော်လုပ်ငန်းလုပ်ရမှာလား…. စဉ်းစားတော်မူကြည့်ကြပါ။ လူတော်တော်များများက ဗေဒင်ဆရာဆိုလျင် လေပဲစိုက်သည်ဟု ခံယူထားကြ၏။ လူတိုင်းကိုတော့ မဆိုလို။ ထိုသို့ခံယူထားသူများ ကိုယ့်လေနှင့်ကိုယ် ပြန်ဟောလိုက်ပါ။ ရောဂါကင်း ရှင်းပါသည်။
နောက်တစ်မျိုးက ကိုယ်လုပ်မည့်အလုပ်ကို ကိုယ့်ဘာသာစဉ်းစားပါ၊ ကောင်းမကောင်း ကြည့်ပေးပါမည်ဆိုတော့ စကားပြန်မရတော့။ မြန်မာတွေ ကြီးပွားဦးမည်။ ကျွန်တော်လည်း အသက်ကြီးလာပြီ။ ရုပ်ရှင် ဗီဒီယိုတွေဧ။် အလှောင်ခံ ဗေဒင်ဘဝမှလွတ်အောင် လမ်းကြောင်းဖောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ လူတိုင်းတတ်၍ လူတိုင်း Apply လုပ်နိုင်ရင် ပိုကောင်းပါသည်။
ကျွန်တော် ဒီBlog ကို စရေးကတည်းက မေးတဲ့အချိန်ကို အခြေခံတွက်ချက်ထားတဲ့ ဟူးရားဗေဒင်ဆောင်းပါးတွေပဲ ရေးခဲ့ပါတယ်။ ဒါက ပထမဆုံး မူလဇာတာ ပေါက်ဖော်ဆောင်းပါးပါ။ အများကြီးရေးလို့ရပါသေးသည်။ အမြီးသဘောအနေနဲ့ ဒီဇာတာမှာ ကြည့်မယ်ဆိုရင် ပင်ကိုယ်သဘောနဲ့ သက်ဆိုင်တဲ့ ၁-တန့် Sub-lord ဟာ ၆-ကြာဂြိုဟ်ဖြစ်ပါတယ်။ ၆-ကြာဂြိုဟ်ဟာ ၉-တန့်ဘာဝ(သုဘဘာဝ)မှာ ကသစ်အားနဲ့ ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဇာတာရှင်ဟာ အကျင့်စာရိတ္တ ကောင်းမွန်ပါတယ်။ နောက်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက်၊ မိန်းမ လုံးဝကင်းရှင်းပါတယ်။ ဒီ Cuspal Sub-lord တွေဟာ လေးမိနစ်တိုင်းမှာ ပြောင်းလဲနေပါတယ်။ လေးမိနစ်ကွာသွားတာနဲ့ ဒီအဟောတွေ ပြောင်းသွားမှာပါ။
နိဂုံးချုပ်အနေနဲ့ ဒီနှစ်ကလေးမွေးရင် ဘယ်နေ့မွေး၊ အထွန်းဖွားဟဲ့ သိုက်ဖွားဟဲ့နဲ့ ဆိုတာတွေဟာ အန္တရာယ်အလွန်များပါတယ်။ လေးမိနစ်တိုင်းရွေ့နေတဲ့ Cuspal Sub-lord တွေအကြောင်း ကောင်းကောင်းနားလည်တဲ့ KP ဆရာများနှင့်သာ တိုင်ပင်ပြီး ခွဲစိပ်မွေးဖွားကြပါဟု တိုက်တွန်းယင်း…
“သင်တို့ဧ။် ဘဝအမောများ ပြေပါစေသတည်း….”
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com