ယနေ့ခေတ်တွင် လူတော်တော်များများ ဗေဒင်ပညာကို စိတ်ဝင်စားလာကြ၏။ ကိုယ်တိုင် သင်ယူလ့လာ လိုကြ၏။ ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်၏။
ဗေဒင်ပညာသည် နယ်ပယ်အသီးသီးတွင် ဝင်ဆန့်၏။ ဆက်စပ်နေ၏။ ပညာရပ်အသီးသီးက ၄င်းတို့၏ပညာဖြင့် အနာဂတ်ကို ခန့်မှန်းကြ၏။ ဗေဒင်ပညာကလည်း အနာဂတ်ကို ခန့်မှန်း၏။ ဥပမာ- မိုးလေဝသပညာရှင်က မုန်တိုင်းကို ၄င်းတို့၏ပညာဖြင့် ခန့်မှန်း၏။ ဗေဒင်ပညာရှင်ကလည်း ဗေဒင်ပညာဖြင့် မုန်တိုင်းကို ခန့်မှန်း၏။ ဆရာဝန်က လူနာ၏သက်တမ်းကို ၄င်းတို့၏ပညာဖြင့် ခန့်မှန်း၏။ ဗေဒင်ပညာရှင်ကလည်း ဗေဒင်ပညာဖြင့် လူနာ၏သက်တမ်းကို ခန့်မှန်း၏။ စီးပွားရေးပညာရှင်က ၄င်းတို့၏ပညာဖြင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ခန့်မှန်း၏။ ဗေဒင်ပညာရှင် ကလည်း ဗေဒင်ပညာဖြင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ခန့်မှန်း၏။ ဤသို့ဖြင့် အနာဂတ်ကို ကြိုတင်ဟောကြားနိုင်သော ဗေဒင်ပညာသည် နယ်ပယ်အသီးသီးတွင် ဝင်ဆန့်လာ၏။
သို့သော် ဗေဒင်ပညာသည် ကျယ်ပြန့်ခြင်း၊ ဗေဒင်လေ့လာသူတို့၏ အကုသိုလ်ကြီးမားခြင်း တို့ကြောင့် ဗေဒင်လေ့လာသူတို့သည် “ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်” ဖြစ်ကုန်ကြ၏။ အဟောအကျိုးပေးမည့်သူက ဓာတ်ရိုက်ဓာတ်ဆင်ကို ဝါသနာထုံနေ၏။ ဗေဒင်လေ့လာသူ၏ အကုသိုလ်ကြီးမားခြင်းကြောင့် ငရဲပန်းကို ရွှေပန်းထင်ကာ လမ်းလွဲသွား၏။
ဆရာကြီးဦးရာမရေးသားသော “လူတိုင်းအတွက် ကံဇာတာကြည့်နည်း” စာအုပ်၊ စာမျက်နှာ(၃၆)တွင် ဗေဒင်တို့၏ ဂြိုဟ်ပရိယာယ်များကို အောက်ပါအတိုင်းခွဲခြားထားလေ၏-
(၁)။ ကြာသပတေးဂြိုဟ် > ဣရုဗေဒင်(ဝါ) ဂဏိတ (ဝါ) အတွက်အချက်ပညာ
(၂)။ အင်္ဂါဂြိုဟ် (ဒိပိကာကျမ်းတွင် ဗုဒ္ဓဟူးဂြိုဟ်) > အတပ္ပန (ခေါ်) အင်းအိုင်လက်ဖွဲ့ ဓာတ်ရိုက်ပညာ အကြားအမြင်
(၃)။ တနင်္လာဂြိုဟ် (ဒိပိကာကျမ်းတွင် အင်္ဂါဂြိုဟ်) > သာမဗေဒင်(ဝါ) နေသွားနက္ခတ် ဂြိုဟ်သွားဂြိုဟ်လာ သဘာဝ ကိုတွက်ချက်ရသော သံဟိတပညာ၊ အဟောအပြောပညာ
(၄)။ သောကြာဂြိုဟ် > ယဇုဗေဒင်(ဝါ) ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ပညာ (အင်္ဂဝိဇ္ဇာပညာရပ်လို သဘောမျိုးဖြစ်သည်။)
ဗေဒင်လေ့လာသူတို့် “ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်” မဖြစ်စေရန် ဥပမာ KPမူလဇာတာဖြင့် တင်ပြလိုက်ပါတယ်။
ဒီဇာတာမှာ ကြည့်မယ်ဆိုရင် ၆-ကြာဂြိုဟ်ဟာ ၂-တန့်ဘာဝရဲ့ တစ်လုံးတည်းသော အားကြီးတဲ့ဇာတ်ဆောင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ဝင်ငွေအတွက် ဗေဒင်လိုက်စားမယ်ဆိုရင် သောကြာဂြိုဟ်က ပြဌာန်းတဲ့ ယဇုဗေဒင်(ဝါ) ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ပညာကို လိုက်စားသင့်ပါတယ်။ သောကြာဂြိုဟ်ဟာ ၄-တန့်၊ ၇-တန့်၊ ၁၀-တန့်ဘာဝတို့ရဲ့ ဇာတ်ဆောင်လည်းဖြစ်နေတော့ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အနေနဲ့လည်း လုပ်စားလို့ရပါမယ်။ အောင်မြင်ပါလိမ့်မယ်။
၅-တေးဂြိုဟ်ကို ကြည့်မယ်ဆိုရင် ၁၊ ၇၊ ၈၊ ၁၀၊ ၁၂-တန့်တို့ရဲ့ ဇာတ်ဆောင်ဖြစ်ပြီး ၈-တန့်ရဲ့ အားကြီးတဲ့ ဇာတ်ဆောင်ဖြစ်တာကြောင့် ဣရုဗေဒင်(ဝါ) ဂဏိတ (ဝါ) အတွက်အချက်ပညာ နဲ့ အကျိုးပေးမှာ မဟုတ်ပါဘူး။ ဝါသနာလည်း ပါမှာမဟုတ်ပါဘူး။
၃-င်္ဂါဂြိုဟ်ကို ကြည့်မယ်ဆိုရင် ၁၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၂-တန့်တို့ရဲ့ ဇာတ်ဆောင်ဖြစ်လို့ အတပ္ပန (ခေါ်) အင်းအိုင်လက်ဖွဲ့ ဓာတ်ရိုက်ပညာ အကြားအမြင် လိုက်စားမယ်ဆိုရင် ပင်ပန်းပြီး အကျိုးပေးမှာ မဟုတ်ပါဘူး။
၂-င်္လာဂြိုဟ်ကို ကြည့်မယ်ဆိုရင် ၄၊ ၇၊ ၁၀၊ ၁၁-တန့်တို့ရဲ့ ဇာတ်ဆောင်ဖြစ်လို့ အဟောပညာကလည်း ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အနေနဲ့လည်း လုပ်စားလို့ရပါမယ်။ အောင်မြင်ပါလိမ့်မယ်။
ဇာတာမှာ ၆-ကြာဂြိုဟ်နဲ့ ၂-င်္လာဂြိုဟ်တို့ဟာ ၁၀-တန့်၊ ၄-တန့်ဘာဝစတဲ့ အတန့်ကောင်းများမှာ အသီးသီးရပ်နေပြီး တစ်လုံးနဲ့တစ်လုံး အပြည့်နီးပါးမြင်ထားတာကလည်း အားရစရာ ကောင်းပါတယ်။ ၆-ကြာဂြိုဟ်ဟာ ၂-တန့်ဘာဝရဲ့ တစ်လုံးတည်းသော အားကြီးတဲ့ဇာတ်ဆောင်ဖြစ်လို့ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ပညာကို ပထမဦးစားပေးလိုက်စားပြီး၊ ဒုတိယဦးစားပေးအဖြစ် အဟောပညာကို လိုက်စားသင့်ကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ဆရာဦးဇာနည်(K.P)
B.E.(CIVIL)
Email: sayauzarni@gmail.com