Monthly Archives: March 2016

ငြိမ်းချမ်းရေးအလှမ်းဝေးနေဦးမည့် ၂၀၁၆

Screenshot_2016-03-24-00-07-23

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစိုးရသစ် လက်ထက်မှာ အသစ်ပြန်ခေါ်ဖို့ လိုမလား

By ကျော်ခ | March 23, 2016 | Hits:5,335-ဧရာဝတီသတင်း

နှစ်ပေါင်း ၆၀ ကျော် ကြာဖြစ်ပွားခဲ့သော ပြည်တွင်း စစ်ပွဲများ ရပ်စဲနိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် အများပြည်သူက မျှော်လင့်နေကြသည်။ ယင်းသို့သော မျှော်လင့်ချက်များအပြင် အစိုးရသစ် အနေဖြင့် မည်သို့မည်ပုံ လုပ်ဆောင်မည်၊ လုပ်ဆောင်လျှင်လည်း အတားအဆီး အခက်အခဲများကြောင့် ထိထိရောက်ရောက် ဖြစ်နိုင်မည်လား ဆိုသည့် စိုးရိမ်နေမှုများလည်း ရှိနေသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၄ နှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တက်သုတ်ရိုက် လက်မှတ်ထိုးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အားလုံး တပြိုင်တည်း လက်မှတ်ထိုးခြင်း မရှိသည့် တခြမ်းပဲ့ NCA သည် စုစည်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား နှစ်ခြမ်းကွဲသွားစေပြီး လက်မှတ်ထိုးသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ရန် အကြပ်အတည်းများ ဖြစ်သွားစေသကဲ့သို့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကိုလည်း ထိခိုက်စေခဲ့ကြောင်း လက်နက်ကိုင် ခေါင်းဆောင်များက ဆိုသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (MNSP) ကဲ့သို့သော အဖွဲ့များ ပါဝင်သည့် ၁၀ ဖွဲ့ကျော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တပြိုင်တည်း လက်မှတ်ထိုးရေးကို အစိုးရနှင့် တပ်မတော်က လက်မခံသဖြင့် NCA ကိုလက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အထိနာခဲ့သဖြင့် တပ်မတော်က မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်အဖွဲ့အပေါ် အငြိုး မပြေနိုင် ဖြစ်နေပုံရပြီး MNDAA အတူ တပ်မတော်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်ဦး (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကိုလည်း ကျေနပ်ပုံ မရပေ။

ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်း လက်နက်ကိုင်အများစု လက်မှတ် မထိုးဖြစ်ခဲ့သည့် အခြေအနေများထဲတွင် ထိုအကြောင်း အရာသည်လည်း ထိပ်ဆုံးကပါဝင်နေသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ငြိမ်းချမ်းရေးရရေး MNDAA နှင့် မဟာမိတ် အဖွဲ့များအပေါ် သင်ပုန်းချေရန် အချိန်ကာလ အကန့်အသတ် လိုအပ်ကြောင်း ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ဆိုသည်။

“သင်ပုန်းချေဖို့ ဆိုတာကတော့ တချို့ကိစ္စတွေမှာ ဖြစ်နိုင်သလို တချို့ကိစ္စတွေမှာက မဖြစ်နိုင်ဘူး။ အချိန် အကန့်အသတ် အတိုင်းအတာ တခုအထိတော့ ရှိရမှာပေါ့” ဟု ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ပြောသည်။

နောက်အစိုးရ လက်ထက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်နိုင်ရေးဖြစ်သည်။ ယင်းသို့သော အာဃာတများ မချေဖျက်နိုင်သေးလျှင် နောက်တက်လာမည့် အစိုးရ လက်ထက်တွင်လည်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးရရှိရန် အလှမ်းဝေးနေဦးမည် ဖြစ်သည်။

ထိုအခြေအနေကြောင့်ပင် ဦးသိန်းစိန် အစိုးရ လက်ထက် လက်နက်ကိုင် အားလုံး ပါဝင်သော ငြိမ်းချမ်းရေး မဆောင်ရွက်နိုင်ခဲ့ဘဲ ၎င်းသက်သမ်း ကုန်ဆုံးရက်အထိ တိုက်ပွဲများက ဖြစ်ပွားနေဆဲဖြစ် ပြီး ထောင်နှင့်ချီသော ဒေသခံ ပြည်သူများလည်း အိုးအိမ်များ စွန့်ခွာ၍ ဒုက္ခသည်အဖြစ်နှင့် ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်တလော ဖြစ်ပွားနေသော တပ်မတော်နှင့် TNLA တို့တိုက်ပွဲများတွင် NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCS/SSA) ကလည်း TNLA နဲ့ တိုက်ပွဲ ဖြစ်ပွားနေပြန်သည်။ ထိုအခြေအနေကြောင့် အစိုးရသည် NCA စာချုပ်ကို နိုင်ငံရေး၊ စစ်ရေးအရ အသုံးချနေသလောဟု လက်နက်ကိုင်အဖွဲ့ တချို့က သံသယနှင့် မေးခွန်းထုတ်လာကြသည်လည်း ရှိသည်။

ငြိမ်းချမ်းရေးတွင် ပါဝင် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် လုပ်ကိုင်နေသူများ၏ အနာဂတ်လည်း မရေမရာ ဖြစ်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရရှိသည့် နိုင်ငံတကာ အထောက်အပံ့များနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံနေရသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၎င်းတို့ကို ငွေကြေး အထောက်အပံ့ ပေးနေသည့် ပြည်ပနိုင်ငံများကလည်း မတ်လ ၃၁ ရက်နေ့တွင် ရပ်ဆိုင်းတော့မည် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ လုပ်ခဲ့သည့် တခြမ်းပဲ့ NCA အပါအဝင် လက်မှတ်ထိုးထားသည့် ၈ ဖွဲ့နှင့် ဆက်လက် လုပ်ဆောင်နေသည့် နိုင်ငံရေးမူဘောင်များကို အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လက်မခံကြသဖြင့် နောက်စိုးရ လက်ထက်တွင် အရင်အစိုးရ၏ လုပ်ဆောင်ချက်အတိုင်း သွားလျှင် အခက်အခဲများ ကြုံတွေ့နိုင်သည်။

အသစ်တက်လာမည့် NLD အစိုးရသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မလွဲမသွေ ဦးစားပေးအဆင့် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော်လည်း အစိုးရသစ်အနေဖြင့် မည်သို့ လုပ်ဆောင်မည် ဆိုသည်ကို ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

NLD သည် သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာန နေရာများတွင် အရပ်သား ညီနောင် တိုင်းရင်းသားများအား နေရာပေး ခန့်အပ်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ထိုနေရာများကို ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်များကိုသာ နေရာပေးခဲ့သည်။ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော် တင်သွင်းသည့် ဝန်ကြီးဌာန ၂၁ ခုတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန တခုပင် ပါဝင်လာသည်။ အဆိုပါ ဌာနသည် ယခင်အစိုးရ လက်ထက်တွင် မရှိခဲ့ပေ။

ထိုအခြေအနေများကြောင့် NLD သည် ယခင်အစိုးရထက် တိုင်းရင်းသားများအပေါ် အလေးအနက်ထားကြောင်း ပေါ်လွင်စေပြီး NLD အစိုးရ၏ ဆောင်ရွက်ပုံများကို ပြည်တွင်း၊ ပြည်ပကသာ ထောက်ခံ ကြိုဆိုကြရုံသာမက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မပြုလုပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကပါ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

တချိန်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည် ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုလာသည်။

UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက “လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားအရပေါ့လေ။ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို အဓိကထားပြီးတော့ NCA ထဲမှာ အားလုံး ပါဝင်နိုင်ရေးကို ကြိုးပမ်းမယ်ဆိုတဲ့ သဘောထား ရှိခဲ့တဲ့အပေါ်မှာပေါ့နော်၊ အဲဒါက အကောင်အထည် ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။

အစိုးရသစ်ဖြစ်လာမည့် NLD ၏ ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် ထားသည့် မူဝါဒသည် တိုင်းရင်းသား လက်နက်ကိုင် အများစုက တောင်းဆိုနေကြသည့် မူဝါဒနှင့် အနီးစပ်ဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ထုတ်ပြန်သည့် NLD ပါတီ ကြေညာစာတမ်း၏ နံပါတ် ၁ နေရာတွင် “တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး” ဆိုသည့် ခေါင်းစဉ်ကိုတွေ့ရသည်။

ထိုခေါင်းစဉ်အောက်တွင် “ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတ ကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများမှ တဆင့် ပြည်သူ့ဘဝ လုံခြုံစေရမည်”၊ “လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်” ဟု ကတိပြုထားသည်။

ပြည်တွင်းငြိမ်းချမ်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်များနှင့် အစိုးရသစ် ဖြစ်လာမည့် NLD ၏ ပြည်တွင်းငြိမ်းချမ်းရေး မူဝါဒတို့ နီးစပ်၍ အဆင်ပြေနိုင်ခြေ များသော်လည်း NLD အစိုးရ လုပ်ဆောင်မည့် လမ်းစဉ်အပေါ် တပ်မတော်က ဘယ်လောက်အထိ လိုက်ပါ လုပ်ဆောင်မလဲ ဆိုသည်ကလည်း မူတည်နေသည်။

အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရင်အစိုးရ ဆောင်ရွက်သွားသည့် လမ်းကြောင်းအတိုင်း ဆုပ်ကိုင်ပြီး ဆက်သွားလျှင် အောင်မြင်မည် မဟုတ်ကြောင်း ဥပဒေ အထောက်အကူပြုကွန်ရက် (LAN) အဖွဲ့ကို တည်ထောင်သူ တဦးလည်းဖြစ်၊ ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းကို ဖွင့်လှစ် သင်ကြား ပေးနေသူလည်းဖြစ်သည့် ရှေ့နေ ဦးအောင်ထူးက ပြောသည်။

“အစိုးရသစ်ကတော့ တက်လာလာချင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစက ပြန်ခေါ်စေချင် တယ်။ အခုသွားနေတဲ့ တခြမ်းပဲ့ NCA မဟုတ်ဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးလမ်းကြောင်း အတုအယောင် မဟုတ်ဘူးပေါ့။ ဒါကြီးကို ဆက်မသွားစေချင်ဘူး။ ဒါကြီးနဲ့ ဆက်သွားလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကတိပေးသွားသလို Change ဆိုတာက No Change ဖြစ်သွားမှာပေါ့” ဟု ဦးအောင်ထူးက ပြောသည်။

သူကဆက်ပြီး “ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ စစ်အာဏာရှင် သက်ဆိုးရှည်စေမှာပဲ။ အဲဒီလိုဖြစ်တော့ ဖက်ဒရယ်လမ်းကြောင်းကို သွားနိုင်ဖို့ရာအတွက် အစကပြန်သွားမယ် ဆိုရင်တော့ဖြင့်ရင် လက်မှတ်ထိုးပြီးလား၊ လက်မှတ် မထိုးရသေးလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မခွဲခြားတော့ဘဲနဲ့ အကုန်လုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခု ပြန်ခေါ်ဖို့လိုတယ်” ဟုလည်း ဆိုသည်။

—————————————————————————-

ဗေဒင်ဆရာဆိုတော့ စပ်စု၏။ ဗေဒင်ဆရာတွေသည် နိုင်ငံတော်သမ္မတထက်ပင် အလုပ် များဟန်ရှိ၏။ နေရာ တကာဟောကိန်းထုတ်၏။ တစ်ချို့ကကြိုဟော၏။ တစ်ချို့ကပေါက်ဖော် ဟော၏။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၆ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပါတ်သက်၍ အဟောထုတ်ပေးလိုက်မိပြန်၏။

Astro Data

Date: 23.3.2016(Wed)         Time: 21:42:13         Random No: 111                Place: Yangon

Query: ၂၀၁၆ အတွင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မလား?

အထက်ပါ Astro Data များကို KP ဟူးရားဇာတာဖွဲ့လျှင် အောက်ပါဇာတာကို ရရှိမည်-

Peace for Myanmar-2015

Hints and Rules

        ဆွေးနွေးပွဲကိစ္စများနှင့် ပါတ်သက်၍ ၃-တန့်ဘာဝကို သုံးသပ်ရမည်။ ၎င်းကိုယ်တိုင် ဝကြမသွားရ၊ ဝကြသွားသော ဂြိုဟ်ပိုင်နက္ခတ်ကို မစီးရ။

Analysis

        အထက်ပါဇာတာတွင် ၃-တန့် Sub-lord သည် ကိတ်ဂြိုဟ်ဖြစ်၍၊ ဝကြကျင့်နေသည့် ၅-တေးဂြိုဟ်ပိုင်နက္ခတ်ကို စီးထား၏။

Conclusion

၂၀၁၆ အတွင်း ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်သာ….။

ဆရာဇာနည်(KP)

Email: sayauzarni@gmail.com